Log in Register

Log in

 

၂၀၁၂ ခုနှစ် ဧပြီလ ၂ ရက်နေ့ မှစ၍ ထိန်းကျောင်းမှု ရှိသော ငွေလဲလှယ်နှုန်းစနစ် ကျင့်သုံးပြီးနောက် နိုင်ငံခြားငွေလဲလှယ်နှုန်း ဆက်တိုက် မြင့်တက်နေပြီး ၂၀၁၂ ခုနှစ်မကုန်မီ ကျပ် ၉၀၀ နှင့်ကျပ် ၁၀၀၀ ကြား အထိ ဆက်လက် မြင့်တက်နိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များ နှင့် ပညာရှင်များက ထင်မြင်သုံးသပ်မှု ရှိနေကြောင်း သိရသည်။ ၂၀၁၂ခုနှစ် ဧပြီလ ၂ရက်နေ့ တွင် နိုင်ငံတော် ဗဟိုဘဏ်၏ ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းမှာ ကျပ် ၈၁၈ ဖြစ်ပြီး ဇွန်လ ၂၂ ရက်နေ့ ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းမှာ ကျပ်၈၅၅ ဖြစ်ပြီး ၈၂ ရက်တာကာ လ အတွင်း ကျပ် ၃၇ မြင့်တက် လာကြောင်းနှင့် ဇွန်လ ၁၅ ရက်နေ့ ကျပ်၁၀၀၀၀ တန် ငွေစက္ကူထုတ် ဝေပြီးနောက်ပိုင်း ငွေလဲလှယ်နှုန်း မြင့်တက်မှု ပိုမိုသိသာလာခဲ့ကြောင်း သိရပါသည်။

“ဗဟိုဘဏ်ရဲ့မူဝါဒတွေအရရော မြန်မာစီးပွားရေး အနေအထားတွေအရပါ ငွေလဲနှုန်းက တဖြည်းဖြည်း မြင့်တက်လာမှာပါ။ လေးငါးလအတွင်းမှာ ကျပ် ၉၀၀ ကျော် ၁၀၀၀ ကြားအထိ ဖြစ်လာနိုင်တယ်။ နိုင်ငံ့စီးပွားရေးမှာ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုကို အားပြုပြီး ပို့ကုန် ဦးစားပေး မူဝါဒသွားမယ့်အတွက် စီးပွားရေးလုပ်ငန်းတွေ လုပ်သာကိုင်သာရှိတဲ့ ငွေလဲနှုန်းဖြစ်ဖို့လိုတယ်” ဟု ထွန်းဖောင်းဒေးရှင်းဘဏ် ဥက္ကဋ္ဌ ဦးသိန်းထွန်းက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ကာလရှည် နိုင်ငံခြားငွေလဲနှုန်း ကျဆင်းခြင်း ကြုံတွေ့နေရခြင်းဖြစ်ပြီး ၂၀၁၀ ပြည့် နှစ် နိုဝင်ဘာလကတည်းက အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၉၀၀ အောက်သို့ ကျဆင်းခဲ့ခြင်း ဖြစ်ပါသည်။

၂၀၁၁ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့သည် နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးဖြစ်ခဲ့ပြီး ဈေးကွက်ပေါက် ဈေး ကျပ် ၇၂၅ သာရှိခဲ့ပြီး ၂၀၁၁ ခုနှစ်နှောင်းပိုင်းနှင့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင် ကျပ် ၈၁၀ ၀န်းကျင် အထိ ပြန်လည် မြင့်တက်လာခဲ့ခြင်း ဖြစ်ပါသည်။ ထိုသို့ ငွေလဲနှုန်းကျဆင်းမှု ကြောင့် ပို့ကုန်လုပ်ငန်းများ အပါအ၀င် စီးပွာရေးလုပ်ငန်းတစ်ရပ်လုံး အထိနာခဲ့ပြီး အစိုးရမှ ပို့ကုန်လုပ်ငန်းများကို ကောက်ခံသည့် ကုန်သွယ်လုပ်ငန်းခွန် အချို့ကို ပယ်ဖျက်ပေးခြင်း၊ ငွေလဲနှုန်းပြန်လည် မြင့်တက်စေရန် ရေတိုကုထုံးအဖြစ် လုပ်ဆောင်ခဲ့သည့် မော်တော်ယာဉ်များ အပ်နှံဝယ်ယူ တင်သွင်းခွင့်ပေးခြင်းကဲ့သို့ ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သော်လည်း ပို့ကုန် အခြေပြု ကုန်ထုတ်လုပ်ငန်းအချို့ ရပ်နားရမှုများ ဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေး အသိုင်းအ၀ိုင်းထံမှသိရသည်။

ပါမောက္ခ ဒေါ်လှမြင့်က “စီးပွားရေး လုပ်ငန်းတွေ လုပ်နိုင်ကိုင်နိုင်တဲ့ ငွေလဲနှုန်းထားတစ်ရပ်ဖြစ်မှပဲ နိုင်ငံ့ စီးပွားရေးက ရှေ့ကို ရောက်မှာပါ။ စီးပွားရေးမှာ အရေးကြီးဆုံးက ငွေလဲနှုန်းပဲ။ ဖြစ်သင့်ဖြစ်ထိုက်တဲ့နှုန်းထား တစ်ရပ်မှာ ရှိမနေရင် အားလုံးအတွက် အခက်အခဲ ဖြစ်စေတယ်။ အခုမြင်နေရတဲ့ အခြေအနေတွေ အရတော့ ငွေလဲနှုန်းကို တဖြည်းဖြည်းနဲ့ဆွဲတင် နေတယ်လို့ ယူဆတယ်။ အကောင်းဆုံး အနေအထားတစ်ရပ်ကို ဗဟိုဘဏ်က ထိန်းကျောင်းသွားနိုင်မယ်လို့ မျှော်မှန်းထားတယ်”ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ငွေကြေးမူဝါဒပြုပြင်ပြောင်းလဲ နိုင်ရန်အတွက် အပြည်အပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ ဖြိုးရေးဘဏ်နှင့် ကမ္ဘာဘဏ်ကဲ့သို့ အဖွဲ့အစည်းများနှင့်ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး အမျိုးမျိုးဖြစ်နေသော ငွေလဲနှုန်းကို တစ်မျိုးတည်းပေါင်းစည်းရေးနှင့် ထိန်းကျောင်းမှုရှိ သော ငွေလဲနှုန်းစနစ်ကို ၂၀၁၂ ခု နှစ် ဧပြီလ ၁ ရက်နေ့မှ စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် နိုင်ငံတော် ဗဟိုဘဏ်သည် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့မှ အကူအညီ ပေးထားသော ဆော့ဖ်ဝဲဖြင့် နေ့စဉ် ငွေလဲနှုန်းကို တွက်ချက်နေကြောင်းလည်း သိရှိရသည်။

Ref: Eleven

မြန်မာသတင်းရပ်ဝန်း ပြုပြင်မွမ်းမံ ထိန်းသိမ်းရေးအတွက် အလှူငွေ
Go to top