Log in Register

Log in

 

၂၀၁၂ ခုနှစ် ဇွန်လ နောက်ဆုံးပတ်မှ စ၍ နိုင်ငံခြားငွေ လဲလှယ်မှု ဈေးနှုန်းများ သိသိသာသာ မြင့်တက် လာခဲ့ပြီးနောက် ပြည်တွင်း ရွှေဈေးနှုန်းမှာ တစ်ပတ်အတွင်း ရွှေတစ်ကျပ်သားလျှင် ကျပ် တစ်သောင်းခွဲကျော်အထိ ပြန်လည် မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။

နိုင်ငံခြား ငွေလဲလှယ်မှု ဈေးနှုန်းများမှာ ဇွန်လ ၂၉ ရက်နေ့တွင် အမေရိကန်ဒေါ်လာပေါက်ဈေးမှာ ၀ယ်ဈေး ကျပ် ၈၇၅၊ ရောင်းဈေးကျပ် ၈၈၂၊ ယူရိုငွေမှာ ၀ယ်ဈေးကျပ် ၁၀၈၀၊ ရောင်းဈေးကျပ် ၁၀၉၈၊ စင်ကာပူ ဒေါ်လာမှာဝယ်ဈေးကျပ် ၆၈၀၊ ရောင်းဈေးကျပ် ၆၉၀ ရှိပြီး ယခင် ငွေလဲလှယ်မှု နှုန်းထားများထက် ငွေအမျိုးအစားအလိုက် ကျပ် ၂၀ မှ ၄၀ အထိ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိမ်ဖြူနိုင်ငံခြား ငွေလဲစင်တာမှ ကောက်ယူထားသော အချက်အလက်များအရ သိရှိရသည်။

အဆိုပါ နိုင်ငံခြားငွေလဲလှယ်မှု ဈေးနှုန်းများ ပြန်လည် မြင့်တက်ခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ရွှေဈေးနှုန်းမှာ သိသာစွာမြင့်တက်ခြင်း မရှိဘဲ ၁၅ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၆၈၀၀၀၀၊ ၁၆ ပဲရည်မှာ တစ်ကျပ်သားလျှင် ကျပ် ၇၂၀၀၀၀ ဖြင့် အရောင်းအ၀ယ် ပြုလုပ်လျက်ရှိပြီး ဇူလိုင်လ ၄ ရက်နေ့၌ ကျပ်တစ်သောင်းခွဲကျော်စီ မြင့်တက်ခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါသည်။ ၂၀၁၂ ခုနှစ်အတွင်း၌ ရွှေဈေးနှုန်းအတက်အကျ ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်းလည်း သိရသည်။

ရွှေဈေးနှုန်းမှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ၁၅ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၇၁၀၀၀၀၊ ၁၆ ပဲရည် မှာ တစ်ကျပ်သားလျှင် ကျပ်၇၅၈၀၀၀ အထိ အမြင့်ဆုံးဈေးနှုန်းအဖြစ် မြင့်တက်ခဲ့ပြီး မတ်လအတွင်း၌ နိုင်ငံတကာ ရွှေဈေးနှုန်းကျဆင်းမှုနှင့်အတူ ပြည်တွင်းရွှေဈေးနှုန်းများ လိုက်ပါ ကျဆင်းလာခဲ့ကာ မတ်လ ၂၃ ရက်နေ့ ပေါက်ဈေးအရ ၁၅ ပဲရည်တစ်ကျပ်သားလျှင် ကျပ် ၆၈၀၀၀၀၊ ၁၆ပဲရည်မှာ တစ်ကျပ်သားလျှင် ကျပ် ၇၁၉၀၀၀ ရှိခဲ့ပြီး တစ်ကျပ်သားလျှင် ကျပ်သုံးသောင်းမှ သုံးသောင်းကျော်ဝန်းကျင်အထိ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ဧပြီလတွင်မူ တစ်ကျပ်သားလျှင် ကျပ်နှစ်ထောင်ဝန်းကျင်စီ ထပ်မံကျဆင်းခဲ့ကာ မေလ ၂၈ ရက်နေ့တွင်မူ တစ်ကျပ်သားလျှင် ကျပ်နှစ်သောင်းခွဲအထိ ကျဆင်းခဲ့ပြီး ဇွန်လအတွင်း၌ တဖြည်းဖြည်း ပြန်လည်မြင့်တက်ခဲ့ရာမှ ယခုဇူလိုင်လ၌ နိုင်ငံခြားငွေလဲလှယ်မှု ဈေးနှုန်းများ မြင့်တက်လာမှုနှင့်အတူ ရွှေဈေးနှုန်း သိသာစွာ ပြန်လည်မြင့်တက်လာခြင်း ဖြစ်သည်။ “ ရွှေဈေးနှုန်းက အခုရက်ပိုင်းမှာပြန်ပြီး တက်လာပါတယ်။

ဒေါ်လာက တစ်နေ့ထက်တစ်နေ့ ဖွင့်ဈေးမှာကို အရင်ကထက် ဆက်တိုက်တက်နေတာကြောင့် ဈေးနှုန်းတွေ တက်တာကြောင့် ရွှေဈေးပြန်တက်တဲ့ သဘောပါ” ဟု ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။ ဇူလိုင်လ ၆ ရက်နေ့တွင် ရွှေဈေး ၁၆ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၇၃၀၀၀၀ ကျော်တွင် ရှိနေပြီး နိုင်ငံခြားငွေလဲလှယ်မှု ဈေးနှုန်းများမှာ ဇွန်လ ၂၉ ရက်နေ့ ပေါက်ဈေးထက် ငွေအမျိုးအစားအလိုက် ကိုးကျပ်မှ ကျပ် ၂၀ ၀န်းကျင်အထိ ဆက်လက် မြင့်တက်နေကြောင်း သိရသည်။

Ref: Eleven

မြန်မာသတင်းရပ်ဝန်း ပြုပြင်မွမ်းမံ ထိန်းသိမ်းရေးအတွက် အလှူငွေ
Go to top