ဝါရင့် သတင်းစာဆရာကြီး လူထုစိန်ဝင်း ကွယ်လွန်
Written by မီမီး
ဝါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်း(အသက် ၇၁ နှစ်) သည် ဇွန်လ ၁၇ ရက်နေ့၊ ည ၁၁ နာရီ၊ မိနစ် ၃၀ အချိန်က ရန်ကုန်မြို့ ရွှေဂုံတိုင် အထူးကုဆေးရုံ၌ နာတာရှည် အဆုတ်ရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း သတင်းရရှိပါသည်။ ဆရာကြီး လူထုစိန်ဝင်းသည် ဇွန်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ရွှေဂုံတိုင် အထူးကုဆေးရုံကြီးသို့ ကျန်းမာရေးအခြေအနေကြောင့် တက်ရောက် ဆေးကုသမှုခံယူခဲ့ပြီး ည ၁၁ နာရီ၊ မိနစ် ၃၀ အချိန်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဆရာလူထုစိန်ဝင်းကို ၁၉၄၀ ပြည့်နှစ် သြဂုတ်လ ၁၃ ရက်နေ့တွင် မန္တလေးမြို့၌ မွေးဖွားခဲ့ပြီး မန္တလေး လဖုန်းအထိမ်းအမှတ် အထက်တန်းကျောင်း(Lafon Memorial High School) ၊ မန္တလေးတက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်များတွင် ပညာဆည်းပူးခဲ့သည်။ ထို့နောက် ၁၉၆၄ ခုနှစ်တွင် လူထုသတင်းစာ၌ ဂျာနယ်လစ်တစ်ဦးအဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး ၁၉၆၇ ခုနှစ်တွင် လူထုသတင်းစာ ပိတ်သိမ်းခြင်းခံရပြီး ဆရာလူထုစိန်ဝင်းနှင့် အယ်ဒီတာငါးဦး ဖမ်းဆီးခံခဲ့ရသည်။
ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံခဲ့ရပြီး နိုင်ငံရေး အကျဉ်းသားများသာထားရှိသော ကိုကိုးကျွန်းသို့ ပို့ဆောင်ခံခဲ့ရကာ ၁၉၇၁ ခုနှစ်တွင် အင်းစိန်ထောင်သို့ ပြန်လည်ပြောင်းရွှေ့ခံခဲ့ရသည်။ ၁၉၇၆ ခုနှစ်တွင် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့ပြီး မကြာမီမှာပင် နောက်တစ်ကြိမ် ထောင်ဒဏ်လေးနှစ် ကျခံခဲ့ရပြန်သည်။ အင်းစိန်အကျဉ်းထောင်တွင် သုံးနှစ်ကြာ သီး ခြားထားရှိခြင်း ခံခဲ့ရပြီးနောက် လေဖြတ်ရောဂါခံစားရပြီး ၁၉၈၀ ခုနှစ်တွင် ထောင်မှပြန်လည်လွတ်မြောက်ခဲ့သည်။ ပြန်လည်လွတ်မြောက်ချိန်တွင် လေဖြတ်ပြီး ညာဘက် ကိုယ်တစ်ခြမ်းသေသွားရာမှ ဘယ်လက်ဖြင့် စာရေးကျင့်ပြီး စာပေများကို ဆက်လက်ရေးသားခဲ့သည်။
ထို့နောက် နေအိမ်၌ပင် အင်္ဂလိပ်စကားပြောသင်တန်းဖွင်လှစ်ခဲ့ပြီး စာပေရေးသားခြင်းနှင့် စာသင်ကြားခြင်းတို့ကို တွဲဖက် လုပ်ဆောင်ခဲ့ပါသည်။ မကွယ်လွန်မီအချိန်ထိ ကလောင်ခွဲ ၁၅ ခုဖြင့် ဆောင်းပါးများကို ရေးသားခဲ့သည်။ အထင်ရှားဆုံး ကလောင်ခွဲတစ်ခုမှာ ၀င်းဇော်ဖြစ်ပါသည်။ စာပေဖြတ်သန်းမှုအနေဖြင့် ၁၉၆၄ ခုနှစ်တွင် စောမိုခမ်းပင်ကိုယ်ရေး အချစ်ဝတ္ထု ထွက်ရှိခဲ့ပါသည်။ အဆိုပါခုနှစ်၌ပင် တောင်ဗီယက်နမ်မှ ငရဲခန်းများစာအုပ်ကို ၀င်းဇော်ကလောင်ဖြင့် ဘာသာပြန်ဆို ထုတ်ဝေခဲ့ပါသည်။ ၁၉၆၅ ခုနှစ်တွင် "အလံမလှဲစတမ်း" ဘာသာပြန်စာအုပ်ကို ၀င်းဇော်ကလောင်ဖြင့် ပထမဆုံး အကြိမ်ထုတ်ဝေခဲ့ပြီး ထိုစာအုပ်သည် ဆရာလူထုစိန်ဝင်း၏ အထင် ရှားဆုံးစာအုပ်ဖြစ်ခဲ့ပါသည်။
"အလံမလှဲစတမ်း" စာအုပ်ကို ၁၉၇၅ ခုနှစ်တွင်တစ်ကြိမ်၊ ၂၀၁၂ ခုနှစ်တွင် တစ်ကြိမ် ထပ်မံထုတ်ဝေ ခဲ့ကြပါသည်။ ၁၉၆၆ ခုနှစ်တွင် ၀င်းဇော် အမည်ဖြင့်ပင် "အဖြူနဲ့အ၀ါ" ဘာသာပြန်စာအုပ် ထွက်ရှိခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် "ရှက်စိတ်" ဆောင်းပါးပေါင်းချုပ်စာအုပ် ထွက်ရှိခဲ့ပါသည်။ ၁၉၉၉ ခုနှစ်နောက်ပိုင်း ထွက်ရှိခဲ့သည့် စာအုပ်များမှာ လူထုစိန်ဝင်း ကလောင်ဖြင့် ရေးသားသော စာအုပ်များဖြစ်ခဲ့ပြီး "မော်ဒန်လက်ဖက်ရည်ပန်းကန်ထဲမှ မုန်တိုင်းငယ်နှင့် အခြားဆောင်းပါးများ၊ လူငယ်နဲ့အချစ်၊ အရှက်နဲ့ တန်ဖိုး၊ စာနယ်ဇင်း အရေးအသား ပုံစံသစ်" အစရှိသော စာအုပ်များ ထွက်ရှိခဲ့ပါသည်။
၂၀၀၃ ခုနှစ် "သတင်းပညာသောင်းပြောင်းထွေလာ" စာအုပ်ထွက်ရှိခဲ့ပါသည်။ ဆရာလူထုစိန်ဝင်းသည် မျက်မှောက်ခေတ် မြန်မာစာပေလောကတွင် စာအရေးနိုင်ဆုံး ပုဂ္ဂိုလ်တစ်ဦးအဖြစ် ထင်ရှားသူဖြစ်သည်။ မည်သည့် အကြောင်းအရာကိုမဆို နိုင်ငံရေးအသိကို အခြေခံထားပြီး စဉ်းစားသုံးသပ်ရန် တိုက်တွန်းပြောဆိုလေ့ရှိသည့် ဆရာလူထုစိန်ဝင်း၏ စာများမှာလည်း နိုင်ငံရေးအသိ အခြေခံဖြင့် ချဉ်းကပ်ရေးသားခဲ့သော စာပေများဖြစ်ခဲ့သည်။ ထို့ပြင် မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်၍သာမက လူမှုရေးနယ်ပယ်တွင်ပါ မှားယွင်းလွဲချော်နေသည့် အချက်များကို စာနယ်ဇင်း ကျင့်ဝတ်နှင့်အညီ အမှန်တရားဘက်မှ ရပ်တည်၍ အစဉ်တစိုက် ရေးသားခဲ့သူ ဖြစ်ပါသည်။
ဆရာလူထုစိန်ဝင်းသည် ပုံမှန်အားဖြင့် တစ်ရက်လျှင် ဆောင်းပါးနှစ်ပုဒ်နှုန်းဖြင့် ဆောင်းပါးများနေ့စဉ် ရေးသားခဲ့သည့် ၀ါရင့်သတင်းစာဆရာကြီး ဖြစ်ပါသည်။ အပတ်စဉ်ထုတ်ဂျာနယ်များတွင် ဆောင်းပါးများ ပုံမှန်ရေးသားလျက်ရှိနေသော ဆရာလူထု စိန်ဝင်းသည် ကျန်းမာရေး အခြေအနေကြောင့် ဆောင်းပါးရေးသားမှုများကို ၂၀၁၂ ခုနှစ် ဧပြီလအတွင်းမှ စတင်ပြီး ရပ်နားထားခဲ့ကြောင်း သိရသည်။
Ref: Eleven
