ပါရာဂွေးသမ္မတကို လွှတ်တော်က ဖြုတ်ချပြီးနောက် ဒုတိယသမ္မတက ရာထူးဆက်ခံ
Written by မီမီး
သမ္မတ ဖာနန်ဒိုလူဂို
ပါရာဂွေးနိုင်ငံတွင် သမ္မတ ဖာနန်ဒိုလူဂိုကို လွှတ်တော်နှစ်ရပ်စလုံး၌ မဲခွဲဆုံးဖြတ်ကာ ဖြုတ်ချခဲ့ပြီးနောက် ဒုတိယသမ္မတ ဖက်ဒရီကို ဖရန်ကိုက ဇွန်လ ၂၂ ရက်နေ့တွင် ရာထူးဆက်ခံခဲ့သည်။ ယခုကဲ့သို့ ပြည်သူက ရွေးကောက်တင်မြှောက်ထားသည့် သမ္မတတစ်ဦးကို လွှတ်တော်က ဖြုတ်ချခဲ့မှုအပေါ် လက်တင်အမေရိက ခေါင်းဆောင်များက ဝေဖန်ခဲ့ကြပြီး ဆက်ခံသူ ဖရန်ကိုကို လက်မခံရန် ၀ိုင်းဝန်းကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့သည်။
ပြည်တွင်းတွင်လည်း ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။ ပြီးခဲ့သည့်အပတ်က လူ ၁၇ ဦး သေဆုံးစေခဲ့သော မြေယာပိုင်ဆိုင်မှု အငြင်းပွားရာမှ ဖြစ်ပေါ်ခဲ့သည့် မငြိမ်သက်မှုတွင် ဆိုးရွားစွာ ကိုင်တွယ်ခဲ့မှုဖြင့် ကက်သလစ်ဘုန်းတော်ကြီးဟောင်း သမ္မတလူဂိုတွင် အပြစ်ရှိကြောင်း အထက်လွှတ်တော်၌ ထောက်ခံမဲ ၃၉ မဲ၊ ကန့်ကွက်မဲ ၄ မဲဖြင့်ဆုံးဖြတ်ခဲ့ကြသည်။ ၂၀၀၈ ခုနှစ်တွင် သမ္မတဖြစ်လာသော လူဂိုသည် ဆင်းရဲသားတို့အရေး ဆောင်ရွက်သူအဖြစ် ထင်ရှားလာခဲ့သူဖြစ်ပြီး လက်ယာယိမ်း ကော်လိုရာဒိုပါတီ၏ ဆယ်စုနှစ်ခြောက်ခုကြာ အုပ်ချုပ်မှုကို အဆုံးသတ်နိုင်ခဲ့သူအဖြစ် ကျော်ကြားခဲ့သူလည်း ဖြစ်သည်။
သို့ရာတွင် လင်ကောင် မပေါ်ဘဲ မွေးလာခဲ့သည့် ကလေးနှစ်ဦး၏ ဖခင်ဖြစ်ကြောင်း ၀န်ခံခဲ့ရခြင်းနှင့် နောက်ထပ်ကလေးနှစ်ဦး၏ ဖခင်ရင်းဖြစ်သည်ဟု စွပ်စွဲခံထားရခြင်းတို့ဖြင့် အိမ်ထောင်ရေးအရှုပ်တော်ပုံများကြောင့် နာမည်ပျက်ခဲ့ရသူလည်း ဖြစ်သည်။ အောက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာတွင်လည်း အပြတ်အသတ် အရေးနိမ့်ခဲ့ပြီးနောက် အထက်လွှတ်တော်တွင်ပါ ထပ်မံအရေးနိမ့်ခဲ့ခြင်းကြောင့် ရာထူးမှဆင်းပေးခဲ့ရခြင်းလည်း ဖြစ်သည်။ လူဂိုသည် သူ၏ အာဏာရ ညွန့်ပေါင်းအတွင်းမှ Authentic Radical Liberal Party ကပါ ကော်လိုရာဒိုပါတီနှင့် ပူးပေါင်းပြီး ဖြုတ်ချမှုကို ခံခဲ့ရခြင်းဖြစ်သည်။

ဒုတိယသမ္မတ ဖက်ဒရီကို ဖရန်ကို
Ref: Eleven
