နယူးဂျာစီ - နိဗ္ဗာန်ဈေးတွင် ကုသိုလ်ရေးမို့ အားပေးကူညီ။ ရောင်းမည်၊ ဝယ်မည်၊ လှူဒါန်းမည်။
Written by Phyu May Khin
ဓမ္မမိတ်ဆွေ အပေါင်းတို့
အမေရိကန်-မြန်မာ ဗုဒ္ဓဘာသာအသင်းအနေဖြင့် သာသနာရေးဆိုင်ရာ အဆောက်အဦး များဖြစ်သည့် စေတီနှင့် ယောဂီဓမ္မာရုံတို့ကို နယူးဂျာစီပြည်နယ်၊ မနာလပန်မြို့တွင် ကြိုးပမ်းအားထုတ်၍ တည်ဆောက်နေသည်ကို စေတနာရှင်တို့ မျက်ဝါးထင်ထင် တွေ့မြင်ရသည်မှာ ဝမ်းမြောက်ဖွယ် ဖြစ်ပါသည်။
တည်ဆောက်ရေးလုပ်ငန်းကို ဆက်လက်ဆောင်ရွက်နေရာ စေတီတော်မှာ တစတစ တိုးတက်ပြီးစီး၍ ပိုမိုကြည်ညိုဖွယ်ရာ ဖြစ်လာနေပါပြီ။ စေတီတော် အထက်ပစ္စယံကို Granite ကျောက်ပြားခင်းခြင်း၊ စိန်တောင်ကျောင်းဆောင်ငယ်နှင့် ဆင်းတုတော်များကို တည်ထားပူဇော်ခြင်း။ စေတီတော်၏ ပလ္လင်တွင် ကနုတ်ပန်းများ တပ်ဆင်ခြင်းများကို ပြုလုပ်ပြီးစီးပြီ ဖြစ်ပါသည်။ ယောဂီ ကျောင်းဆောင်ကို တည်ဆောက်နေရာ ယခုအခါ မြေတိုက်ခန်း အကြမ်းထည် တည်ဆောက်မှုမှာ ပြီးစီးနေပါပြီ။
စေတီတော်နှင့် ကျောင်းတည်ဆောက်ရေးအတွက် နည်းများမဆို အလှူငွေရရှိရန် (၇) ကြိမ်မြောက် နိဗ္ဗာန်ဈေးပွဲတော်ကို ၂၀၁၁ ခု စက်တင်ဘာလ (၁၈) ရက်၊ တနင်္ဂနွေ နေ့တွင် စေတီတော်ရှိရာ ကျောင်းဝင်းအတွင်း၌ ပြုလုပ်မည်ဖြစ်ပါ၍ စေတီတော်ကိုလည်း ဖူးမြှော်၊ မြန်မာအစားအသောက်မျိုးစုံကိုလည်း ဝယ်ယူစားသောက်ပြီး ကုသိုလ်ယူကြရန် ကြွရောက်စေလိုသည့်ဆန္ဒဖြင့် မေတ္တာရှေ့ထား ဖိတ်ကြားပါသည်။ ကံစမ်းမဲများကိုလည်း နှိုက်ယူကံစမ်းနိုင် ပါသည်။ လုပ်အားအလှူ ပေးလိုသူများကိုလည်း ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်း ပန်ကြားအပ်ပါသည်။
နေ့ရက် - ၁၈.၉.၂၀၁၁
အချိန် - နံနက် ၉ နာရီ မှ နေ့လည် ၂ နာရီ
နေရာ - 63, Gordons Corner Road, Manalapan/Englishtown, NJ 07726
ဖုန်း - (732) 446 1552
