ပရီးမီးယားလိဂ်၏ ထိပ်သီးအသင်းကြီးများ မြန်မာနိုင်ငံတွင် ချစ်ကြည်ရေးလာရောက် ကစားမည်
Written by ဂျူလိုင်မိုး
ပရီးယားမီးလိဂ်၏ ထိပ်သီးအသင်းကြီးများဖြစ်သော မန်ယူ၊ လီဗာပူးနှင့် ချဲလ်ဆီးအသင်း သုံးသင်းထဲမှ အနည်းဆုံးတစ်သင်းသည် မြန်မာနိုင်ငံတွင် လာရောက်၍ ချစ်ကြည်ရေး ခြေစမ်းပွဲကစားရန် မြန်မာဘောလုံးအဖွဲ့ချုပ် အသိုင်းအဝိုင်းက စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။
ယင်းအသင်းသုံးသင်းအနက် မည်သည့်အသင်းဖြစ်မည်ကို အတိအကျ မသိရသေးသော်လည်း အနည်းဆုံးတစ်သင်း ဖြစ်နိုင်မည်ဟု အတည်ပြုပြောဆိုမှုများ ရှိနေပြီး ယခုနှစ်အတွင်းမှာပင် မြန်မာ့မြေပေါ်၌ မျက်ဝါးထင်ထင် မြင်တွေ့ရမည်ဟုသိရသည်။ ''အသင်းကြီးသုံးသင်းထဲက မန်ယူကတော့ သိပ်ပြီးမသေချာဘူး။ ဒါပေမဲ့ချိတ်ဆက်နေပါတယ်။ ဒီနှစ်ထဲမှာ ဖြစ်မှာပါ။ သူတို့တစ်တွေကို ဖိတ်ရတာက သိပ်မခက်လှပါဘူး။ ငွေရေးကြေးရေးအရလည်း တတ်နိုင်တာပဲ။ ခက်နေတာ သူတို့တွေကို ပေးကစားမယ့် ဘောလုံးကွင်းကိစ္စပဲ။ ရှိပြီးသားကွင်းတွေက ဘယ်လိုမှမဖြစ်နိုင်ဘူး။ နေပြည်တော်ကွင်း ပြီးသွားရင်တော့ အဆင်ပြေမယ်။ မြန်မာပရိသတ်တွေကို ဒီနှစ်ထဲမှာ စိတ်ဝင်စားစရာ ကောင်းအောင်လုပ်ပြမယ်'' ဟု နေပြည်တော်ဘောလုံး အသင်းပိုင်ရှင် ဦးဖြိုးကိုကိုတင့်ဆန်းက ပြောကြားသည်။ "MNLက ပ၊ ဒု၊ တ ရတဲ့ သုံးသင်းကိုပဲ ခြေစမ်းပွဲ ကစားခွင့်ပေးမှာပါ။
မလေးရှားကတော့ မနှစ်ကလီဗာပူးနဲ့ ချဲလ်ဆီးကို ဖိတ်ခဲ့တယ်။ မြန်မာကလည်း ဒီနှစ်သင်းပဲ ဖြစ်ဖို့များတယ်''ဟု ၎င်းက ဆက်လက်ပြောကြားသည်။''ဘောလုံးမှာက ခွဲခြားဆက်ဆံမှုတွေ မရှိပါဘူး။ တစ်သားတည်းပဲ။ ကိုယ့်ဘက်က အရေးတယူဖိတ်ရင် လာပါတယ်။ ဘလ္လတ္တာတောင် လာခဲ့သေးတာပဲ။ သူတို့ရဲ့ လုံခြုံရေးနဲ့ နေထိုင်ရေး၊ သွားလာရေးတွေ အဆင်သင့်ဖြစ်နေရင် သူတို့ရဲ့ ပရီးမီးယားလိဂ် ရာသီအကုန်မှာ သူတို့ကို စပွန်ဆာပေးတဲ့နိုင်ငံကို အပန်းဖြေ လေ့ကျင့်ရေး ထွက်တာပဲလေ။ လာမှာသေချာတယ်။ ဒီအတွက် ဦးဇော်ဇော်နဲ့ ကျွန်တော် ကြိုးစားခဲ့ကြတာ။ မနှစ်ကတည်းကပဲ'' ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ယင်းကဲ့သို့ ပရီးမီးယားလိဂ်ကလပ် အသင်းကြီး နှစ်သင်း မြန်မာသို့လာရောက်ခဲ့ပါက မြန်မာလူထု၏ အားပေးမှုသည် အမြင့်ဆုံးအနေအထားတွင်ရှိလာနိုင်ပြီး ၎င်းတို့၏ ခရီးစဉ်မှာလည်းပထမဆုံး သမိုင်းဝင်ခရီးစဉ်ဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။
Ref: Pyi Myanmar
