Log in Register

Log in

 

Q. အခုလတ်တလော ဝါဆိုရိုက်ဖြစ်နေတဲ့ ဇာတ်ကားတွေဆိုရင်
A. ခု ဝါဆိုက ကိုဘုဏ်းမြတ်၊ မခိုင်သင်းကြည်တို့နဲ့ ဒါရိုက်တာ ကိုဇော်(အာရုဏ်ဦး) ရိုက်တဲ့ ကားရယ်၊ နောက် ကိုအောင်ရဲလင်း၊ ကိုမင်းဦးတို့နဲ့ ခရေဖြူကရိုက်တဲ့ ကားတစ်ကား ရိုက်ကူးနေပါတယ်။ အဲ့ဒီမတိုင်ခင် ဦးကုသိုလ်ရိုက်တဲ့ ကားမှာ ကိုနိုင်းနိုင်း၊ မမေကဗျာတို့နဲ့ အတူ သရုပ်ဆောင်ခဲ့သေးပါတယ်။

Q. ဒါဆို ဝါဆို သရုပ်ဆောင်တော်တော်များများနဲ့ ရိုက်ကူးခွင့်ရနေပြီပေါ့။
A. အင်း…အဲ့လိုလဲပြောလို့ ရပြီပေါ့။ အသစ်တွေနဲ့လည်း ဝါဆိုအများကြီး ရိုက်ရသလို ကိုယ့်ထက်စီနီယာ သရုပ်ဆောင်တွေနဲ့လည်း ရိုက်ကူးခွင့်ရပါတယ်။

Q. အသစ်တွေနဲ့ အလုပ်လုပ်ရတာရယ်၊ သရုပ်ဆောင်ကြီးတွေနဲ့ သရုပ်ဆောင်ရတဲ့အခါ ဘယ်လိုကွာခြားမှုရှိလဲ။
A. အကြီးတွေနဲ့ကျတော့ စီနီယာ၊ ဂျူနီယာ ဆိုတာရှိတယ်လေ။ ဒါပေမဲ့ ဝါဆိုပျော်ပါတယ်။ကိုယ့်ထက် ဝါရင့်တဲ့ သရုပ်ဆောင်တွေနဲ့ သရုပ်ဆောင်ရတော့ သူတို့ဆီက ပညာကို အနီးကပ်သင်ယူခွင့်ရတာပေါ့။ အရင်တုန်းက ကိုယ်သဘောကျနေတဲ့ သူတွေနဲ့ ကိုယ်သရုပ်ဆောင်ဖြစ်တဲ့အခါ အရမ်းကိုတွဲပြီး သရုပ်ဆောင်ချင်ခဲ့တယ်။ အဲ့လိုမျိုးဖြစ်ခွင့်ရတဲ့ အတွက်လည်း အားလုံးကို ကျေးဇူးတင်ပါတယ်။ အတိုင်းထက်အလွန် ပျော်ပါတယ်။ အားလုံးကလည်း ဝါဆို့ကို ဝိုင်းဝန်းကူညီပေးကြပါတယ်။

Q. ခုထွက်တဲ့ အိုအေစစ်ကားမှာရော ဝါဆိုကြိုက်ရဲ့လား
A. အိုအေစစ်ကားကို ဝါဆိုကြိုက်တယ်။ အဲ့ဒီကားမှာ အမှားကျူးလွန်ထားတဲ့ အစ်မကို အရမ်းမုန်းတဲ့ လူတစ်ယောက်အဖြစ် သရုပ်ဆောင်ထားတယ်။

Q. အဲဒီကားမှာပါတဲ့ သရုပ်ဆောင်ကြီးတွေမှာ ဝါဆိုကြိုက်တဲ့ အချက်တစ်ချက်စီလောက် ပြောပြပေးပါလား။
A. ကိုစိုင်းသရုပ်ဆောင်ရင် ဝါဆို သူ့မျက်လုံးကို ကြိုက်တယ်။ သူ့မျက်လုံးက အရမ်း Attraction ရှိတယ်လို့ ထင်တယ်။ မကြီးစိုးနဲ့ မဒါ ဆိုတာက ဝါဆို အရင်က ကြိုက်ခဲ့တဲ့ အနုပညာရှင်တွေလေ။ သူတို့ သရုပ်ဆောင်မှုက သဘာဝကျတယ်။ သူတို့ သရုပ်ဆောင်ပြီဆိုရင် ကိုယ့်အခန်းမဟုတ်လည်း သူတို့ဘယ်လို သရုပ်ဆောင်တယ်ဆိုတာပါ လေ့လာကြည့်တယ်။

Q. ခုချိန်မှာ ဝါဆိုကို ဒုတိယနေရာက ကမ်းလှမ်းမယ်ဆိုရင်…
A. အဲ့ဒီလို ကမ်းလှမ်းခဲ့ရင်လည်း ဝါဆိုက ပထမ၊ ဒုတိယနေရာ ဆိုတာကို သိပ်မကြည့်ဘူး။ ဇာတ်လမ်းကို အရင်ဖတ်တယ်။ ဝါဆိုအတွက် လုပ်ကွက်ရမယ့်ကားဆိုရင် ဘာမဆိုလက်ခံပြီး ရိုက်ဖြစ်ပါတယ်။ အဲဒါမှသာ ကိုယ့်ရဲ့ သရုပ်ဆောင်မှုကို ပရိသတ်က မြင်မှာလေ။ ဘာမှမဟုတ်ဘဲ ရိုက်လိုက်ပြီးပါရင် ရိုက်မယ်ဆိုတဲ့ ပုံစံမျိုးတော့ ဝါဆိုမရိုက်နိုင်ဘူး။ တစ်ခန်းပဲ။ ဒါပေမဲ့ နှစ်နှစ်ကာကာ ရှိမယ်ဆိုရင် ဝါဆိုရိုက်မှာပါပဲ။

Q. ကိုယ့်အနေအထားကိုရော…
A. ခုဆိုရင် ဝါဆိုကို သိတဲ့ ပရိသတ်ရှိသလို မသိတဲ့ ပရိသတ်လည်း ရှိတာပဲ။ ဒါပေမဲ့ ဝါဆိုကြိုးစားနေပါတယ်။

Q. အခုဟာသတွေ အရမ်းကို ရိုက်တဲ့ခေတ်ဆိုတော့ ဝါဆိုရော ဟာသ ရေစီးကြောင်းထဲမှာ မျောပါနိုင်သေးလား။
A. ဝါဆိုလည်း ဟာသကားရိုက်ချင်ပါတယ်။ ဝါဆို အခုတစ်လော ဟာသကား မရိုက်ရသလောက်ပဲ။ ဟာသကား ရိုက်ရရင်ပျော်စရာကောင်းမယ် ထင်တယ်။ အခု အချစ်ဒရာမာဇာတ်တွေများနေတယ်။

Ref: 8 Days

မြန်မာသတင်းရပ်ဝန်း ပြုပြင်မွမ်းမံ ထိန်းသိမ်းရေးအတွက် အလှူငွေ
Go to top