'ပေါ့ပေါ့ပါးပါး ဇာတ်မျိုးထက် ဘ၀ဆန်တဲ့ ဇာတ်ရုပ်မျိုးကို သရုပ်ဆောင်ရတာကိုပဲ ပိုပြီးသဘောကျတယ်' ၊ သရုပ်ဆောင်နေမင်းနှင့် တွေ့ဆုံခြင်း
Written by မီမီး
ရွှေစင်ဦးထုတ်လုပ်ရေး၏ တိုက်ပိုင်မင်းသား တစ်ဦးအဖြစ် ဇာတ်ကားများ ဆက်တိုက် ရိုက်ကူးလာခဲ့ရာမှ ပရိသတ် အသိအမှတ်ပြုမှု အတိုင်းအတာ တစ်ခုကို ရရှိလာသူဖြစ်သည်။ ဆက်တိုက်ထွက်ရှိလာသည့် ၎င်း၏ဇာတ်ကားများဖြစ်သည့် ‘မင်းဒင်ရဲ့သစ္စာ’၊ ‘ယောက်ျားမာယာ’၊ ‘မျောလွင့်နေတဲ့တိမ်’ စသည့်ဇာတ်ကားများဖြင့် သဘာဝကျသည့် သရုပ်ဆောင်တစ်ဦးအဖြစ် ပရိသတ်အားပေးမှု ရရှိလာသူ သရုပ်ဆောင်နေမင်းနှင့် တွေ့ဆုံဖြစ်သည့်အခိုက် လူငယ်တစ်ယောက်၏ အနုပညာအပေါ်သဘောထား၊ ဇာတ်ရုပ် ရွေးချယ်မှု၊ အသစ်အသစ်သော ဖန်တီးမှုများကို မေးမြန်းဖြစ်ခဲ့ရာ .. . .
မေး ။ နေမင်းရဲ့ဇာတ်ကားအများစုမှာ ကာရိုက်တာ ထူးခြားတာတွေ တွေ့ရတယ်။ ဇာတ်လမ်းရွေးချယ်မှုအပိုင်းက ကိုယ်တိုင်ရွေးဖြစ်တာလား။
ဖြေ ။ ကျွန်တော်ကိုယ်တိုင်က ငယ်ငယ်ကတည်းက ဒီအနုပညာ အသိုက်အ၀န်းမှာ ကြီးပြင်းလာတယ်လို့ ပြောလို့ရတယ်။ ဒါကြောင့် ဒီဇာတ်လမ်း ဒီပုံစံတွေကို မြင်တွေ့နေကျ ဖြစ်နေတာပေါ့နော်။ ပြီးတော့ ကျွန်တော်က တကယ့်အခြေခံ လူမှုဘ၀တွေကြားမှာ ကြီးပြင်းလာတယ်လို့ ပြောလို့ရတယ်။ ဒါကြောင့် ကျွန်တော်အခု ဇာတ်ကားတွေ ရိုက်တဲ့အခါမှာလည်း ပရိသတ်မြင်နေကျ ဇာတ်ကားမျိုးထက် အသစ်ဖြစ်နိုင်တဲ့ ဇာတ်မျိုးကို ပိုရှာဖြစ်တယ်။
မေး ။ တချို့ဇာတ်မျိုးတွေကျတော့ ပရိသတ် မုန်းသွားနိုင်တာမျိုးတွေ ရှိတယ်လေ။ ဥပမာ-ယောက်ျားမာယာလို ဇာတ်မျိုးကျတော့ ရိုက်တဲ့အချိန်မှာ ကြောက်စိတ်ဖြစ်တာမျိုးရှိလား။
ဖြေ ။ အဲဒီကားရဲ့ ဇာတ်ရုပ်ပိုင်းဆိုင်ရာအရလည်း ပရိသတ်မုန်းနိုင်တာမျိုးပါ။ ဒါပေမယ့် တကယ့်လက်တွေ့ အပြင်ဘ၀မှာလည်း ဒီလိုဖြစ်ရပ်မျိုးတွေက ရှိနေတာပဲဆိုတော့ ကျွန်တော်ရိုက်ချင်တာနဲ့ပဲ ရိုက်ဖြစ်သွားတာပါ။ အခု အဲဒီဇာတ်ကားလေးထွက်တဲ့ အချိန်မှာ ပရိသတ်အားပေးတယ်၊ အသိအမှတ်ပြုတယ်ဆိုတော့ စွန့်စားရကျိုး နပ်တယ်လို့ပဲ ဆိုနိုင်ပါတယ်။
မေး ။ ဇာတ်ရုပ်ပိုင်းဆိုင်ရာကို ရွေးချယ်တာမျိုး၊ ရိုက်ကွင်းနေရာကို စိတ်ကြိုက် ရွေးချယ်နိုင်တာမျိုး တွေမှာ တိုက်ပိုင်မင်းသား တစ်ယောက်ဖြစ်နေတဲ့အတွက် ပိုပြီးအားသာချက် ရှိတယ်လို့ ယူဆလား။
ဖြေ ။ ယူဆပါတယ်။ ကျွန်တော်က တိုက်ပိုင်မင်းသား တစ်ယောက်ဖြစ်တဲ့အတွက် ဇာတ်လမ်းရွေးချယ်တာကအစ ကိုယ့်စိတ်ကြိုက် ဇာတ်လမ်းကို သေချာ အချိန်ယူ ရွေးချယ်နိုင်တယ်။ ရိုက်ကူးတဲ့ အဖွဲ့ကလည်း ကိုယ်ပိုင်အဖွဲ့ဖြစ်တဲ့အတွက် အားသာချက် ရှိတယ်။ အချိန်ယူတဲ့ အပိုင်းမှာရော၊ စိတ်ကြိုက် ဖန်တီးနိုင်တဲ့ အပိုင်းမှာရော အားသာချက် ရှိတယ်လို့ ယုံကြည်ပါတယ်။
မေး ။ အခုလိုအချိန်တိုအတွင်းမှာ ပရိသတ် အသိအမှတ်ပြုမှု တစ်ခုရလာတဲ့အပေါ်မှာရော ကျေနပ်လား။
ဖြေ ။ ကျေနပ်ပါတယ်။ ကျွန်တော့်အနေနဲ့ ကျွန်တော်ဝါသနာပါတဲ့ အနုပညာအလုပ်ကို အခုလိုလုပ်ခွင့်ရဖို့ ဆိုတာ မမျှော်လင့်ရဲခဲ့တဲ့အရာပါ။ ဒီလို မမျှော်လင့်ရဲတဲ့ အရာတစ်ခုကို လုပ်ခွင့်ရတဲ့အတွက် ကံကောင်းတယ်လို့ ဆိုရမှာပါ။ ပရိသတ် အားပေးတယ်ဆိုတာနဲ့တင်တော့ ကျေနပ်နေမှာ မဟုတ်ပါဘူး။ ကျွန်တော် အများကြီး ဆက်ပြီး ကြိုးစားနေဦးမှာပါ။ ကျွန်တော် ဖန်တီးလိုတဲ့၊ ပုံဖော်လိုတဲ့အကြောင်း အရာတွေ အများကြီးရှိပါသေးတယ်။
မေး ။ ဘ၀ဆန်တဲ့ ကာရိုက်တာတွေ အရိုက်များတယ်ဆိုတော့ ကိုယ်မဖြတ်သန်းဘူးတဲ့ ကာရိုက်တာမျိုးဆိုရင်ရော ဘယ်လိုလေ့လာဖြစ်လဲ။
ဖြေ ။ ကျွန်တော်ဆိုရင် သမားနဲ့ ပတ်သက်တဲ့ ဇာတ်ကောင်စရိုက်တွေ ကိုယ်တိုင် မဖြတ်သန်းဖူးဘူး။ ဥပမာ - အရက်သမား တစ်ယောက်ရဲ့ ဘ၀ဆိုရင် ကိုယ်တိုင် မဖြတ်သန်းဖူးဘူး။ ဒါပေမယ့် မိတ်ဆွေတွေထဲမှာ အရက်သောက်တဲ့သူတွေ အများကြီး ရှိတယ်။ သူတို့အရက်သောက်တဲ့အခါ ဘယ်လိုသောက်လဲ၊ မူးသွားတဲ့အခါ ဘယ်လိုစကားမျိုးတွေ ပြောလေ့ရှိလဲ၊ အမူအရာပိုင်းမှာဆိုရင် ဘယ်လိုပြောင်းလဲသွားလဲ ဆိုတာမျိုးတွေ လိုက်စောင့်ကြည့်ဖြစ်ပါတယ်။ ကိုယ်တိုင်လေ့လာခွင့် မရရင်တောင် စာဖတ်တာတို့၊ သိတဲ့သူကို မေးတာတို့ပေါ့။
မေး ။ လူငယ်တစ်ယောက်အနေနဲ့ ရှေ့ဆက်သွားမယ့် ကိုယ့်အနုပညာလမ်းကြောင်းကို ဘယ်လိုပုံဖော်ထားလဲ။
ဖြေ ။ ကျွန်တော်တို့လူငယ်တွေမှာ အသစ်တွေကို အများကြီးဖန်တီးနိုင်စွမ်းတွေ ရှိနေတယ်လို့ ယုံကြည်ထားပါတယ်။ အဲဒီဖန်တီးနိုင်စွမ်းတွေကို အခြေခံပြီး လက်ရှိကျွန်တော်တို့ လှုပ်ရှားနေတဲ့ ဗီဒီယိုလောကကြီး ကျဆင်းနေတယ်ဆိုတဲ့ ပြဿနာမျိုးတွေကို ၀ိုင်းဝန်းအဖြေရှာကြရမှာပါ။ အဲဒီအတွက် လူငယ်တွေအားလုံးက တက်တက်ကြွကြွနဲ့ ပါဝင်ရမှာပါ။
မေး- တွဲဖက်သရုပ်ဆောင်တဲ့ မင်းသမီး ရွေးချယ်ရာမှာရော ဇာတ်ရုပ်အပေါ် အခြေခံပြီးရွေးတာလား။
ဖြေ- အများအားဖြင့်ကတော့ ဇာတ်ကောင်စရိုက်ပေါ် မူတည်ပြီး စဉ်းစားတယ်။ ကျွန်တော်တို့ကတော့ ဒီဇာတ်ရုပ်နဲ့ လိုက်ဖက်တယ်လို့ ယုံကြည်ပြီး ဒီမင်းသမီးနဲ့ပဲ တွဲဖြစ်တယ်။ အဲဒီလို တွဲဖြစ်တာမျိုးကို ပရိသတ်တွေက တစ်မျိုးထင်ကြတာတွေလည်း ရှိဖူးပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အဲဒီလိုထင်တာကို ကြိုက်တယ်။ ကျွန်တော်တို့ နှစ်ယောက်လုံး သရုပ်ဆောင် ပီပြင်လို့သာ အဲဒီလိုတွဲပြီး မြင်ကြတာလို့လည်း ယူဆတယ်လေ။ တကယ်တမ်းကျတော့ သရုပ်ဆောင် တစ်ယောက်က သရုပ်ဆောင်ပီပြင်ဖို့ပဲ အဓိကလို့ ခံယူထားပါတယ်။
Ref: Eleven
